ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာလ ၁၄ ရက် ညပိုင်းတွင် ရောက်ရှိခဲ့ရာ လေဆိပ်၌ မြန်မာကိုယ်စားလှယ်အဖွဲ့အား မင့်စ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဦးမိုးကျော်သူနှင့် ဝန်ထမ်းများနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
၁၅-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်တို့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးသန့် တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုနှင့် တန်းတူရည်တူရှိမှုတို့ကို အခြေခံကာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်တို့က ပူးတွဲဦးဆောင်ကျင်းပခဲ့ကြပြီး၊ ဘယ်လာရုစ် သမ္မတနိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရော်ဂန်နီး ရှက်စသာကော့ဗ်၊ ဘယ်လာရုစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် ဆောင်ရွက်ဆဲ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲများ ကျင်းပသွားရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံမှု အစရှိသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့
မြှင့်တင်သွားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာတွင် ဘယ်လာရုစ်နိုင်ငံက မှန်ကန်သည့်ရပ်တည်ချက်ကို အခြေခံကာ နားလည်မှုနှင့် ခိုင်မာစွာထောက်ခံမှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့ ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မင့်စ်မြို့ရှိ Falco-Agro နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက နို့စားနွားမွေးမြူမှုနှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုအခြေအနေတို့ကို လိုက်လံရှင်းလင်းပြသခဲ့သည်။ ဆက်လက်၍ မဟာမျိုးချစ်စစ်ပွဲ သမိုင်းပြတိုက်သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့ ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားသို့ ဘယ်လာရုစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်အသိုက်အဝန်းနှင့် မင့်စ်မြို့ရှိ မြန်မာပညာသင်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
၁၆-၉-၂၀၂၃ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မင့်စ်မြို့မှ မန္တလေးမြို့သို့ မော်စကိုမြို့နှင့် နိုဗိုစီဗစ်မြို့တို့မှတစ်ဆင့် ပြန်လည်ထွက်ခွာခဲ့ကြသည်။ နိုဗိုစီဗစ်မြို့တွင် နိုဗိုစီဗစ်ဒေသ အစိုးရအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူး (၁) မစ္စတာ ယူရီ ပက်တူကော့ဗ်နှင့်အဖွဲ့က မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုဗိုစီဗစ်မြို့ရှိ အထင်ကရနေရာများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နိုဗိုစီဗစ်မြို့ ဖွင့်လှစ်ရန်လျာထားသော အဆောက်အဦနှင့်နေရာတို့ကို လိုက်လံပြသခဲ့ပြီး၊ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဗိုစီဗစ်မြို့မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း ဖြင့် မန္တလေးမြို့သို့ ၁၇-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်